Friday 2 December 2011

ပွါးဖုန်းများ (Cloned Phones)သတိထားကြဖို့

ပွါးဖုန်းဆိုတာဘာလဲ
ဖုန်းတစ်လုံးရဲ့ ကိုယ်ပိုင်အမှတ်(electronic serial number: ESN)ကို ပွါးယူပြီး နောက်ဖုန်းတစ်မှာ အသုံးပြုခြင်းကို ဖုန်းပွါးခြင်း(Cloning Phone)လို့ခေါ်ပြီး ၊ အဲသလို ပွါးယူအသုံးပြုတဲ့ ဖုန်းကိုတော့ ပွါးဖုန်း (Cloned Phone) လို့ခေါ်ပါသတဲ့ ခင်ဗျာ ။

ဖုန်းပွါးရခြင်းအမျိုးမျိုး
ဖုန်းတစ်လုံးကို အသုံးပြုနေသူရဲ့ ၊ အဆက်အသွယ် ၊ ပြောတဲ့စကား ၊ ပေးပို့လက်ခံ မက်ဆေ့ အစရှိတဲ့ အချက်အလက်တွေကို သိချင်လို့ ပွါးကြတာလဲရှိသလို ၊ ဖုန်းဖိုးသက်သာအောင် သူများဖုန်းကို ခိုးသုံးတဲ့ သဘောနှင့် ပွါးကြတာလဲ ရှိတယ်လို့ ဆိုပါတယ် ။

ဖုန်းပိုင်ရှင် ကိုယ်တိုင်က အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မိမိအသုံးပြုနေတဲ့ ဖုန်း ပျက်စီး ၊ ပျောက်ဆုံးတာမျိုးဖြစ်ခဲ့ရင် ၊ မိမိ ရဲ့ အချက်အလက်တွေ အလွယ်တကူ ပြန်ယူနိုင်ဖို့ အရန်ဖုန်း (back-up phone) အဖြစ် ပွါးကြတာလဲရှိတယ်လို့ဆိုပါတယ် ။

အရောင်းကိုယ်စားလှယ်တွေ က ပွါးပြီး ရောင်းတာလဲရှိသလို ၊ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေက အကြံအဖန် လုပ်ရောင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။

မြန်မာပြည်မှာတော့ ဆက်သွယ်ရေးဝန်ထမ်းတွေက ပွါးပြီးရောင်းနေတာတွေလည်း ရှိတယ်လို့ ကြားဖူးတာရှိသလို ၊ ကျနော့် တူလေးတစ်ယောက်က ပေးထားတဲ့ အဆောင်ဖုန်းနံပါတ်တစ်ခုကိုခေါ်ရာမှာ တစ်ခါတစ်ရံ အခြားသော နေရာသို့ ရောက်သွားတတ်ပြီး ၊ တစ်ခါတစ်ရံမှာတော့ တူလေးပြောထားတဲ့ အဆောင် ဖုန်းနံပါတ် နေရာဖြစ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတာဟာလည်း ဖုန်းပွါးထားတာ ဖြစ်နိုင်တယ်လို့ ကျနော် ထင်ပါတယ် ။
ဖုန်းပွါးနည်းများ
ဖုန်းပွါးနည်းအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ် ။ ဆယ်လူလာဖုန်းတွေမှာ ဖုန်းတွေကို ခွဲခြားသတ်မှတ်ပေးတဲ့ ကိုယ်ပိုင်နံပါတ် (International Mobile Subscriber Identifier: IMSI) ကိုယ်စီရှိကြပြီး အဲသည် နံပါတ်ကို ရှင်ကဒ် (Universal Subscriber Identity Module: USIM) လို့ခေါ်တဲ့ ကွန်ပျူတာချစ်ပြား (Chip) မှာ မှတ်တမ်းတင်ထားတာဖြစ်ပြီး ၊ အဲဒီနံပါတ်ကို ခွဲခြားသတ်မှတ်ပေးတဲ့ သင်္ကေတကို ပွါးယူကြတာလို့ ဆိုပါတယ် ။
အများအားဖြင့် စီဒီအမ်အေ (Code Division Multiple Access: CDMA) ဖုန်းကို အလွယ်တကူ ပွါးယူနိုင်ကြပြီး ၊ ဂျီအက်စ်အမ် (Global System for Mobile communication: GSM) ဖုန်းမှာတော့ (Electronic Serial Number: ESN, Mobile Identification Number: MIN) နံပါတ်တွေမပါလို့ ၊ ပွါးရတာခက်တယ်လို့ ဆိုပါတယ် ။

ဂျီအက်အ်အမ်ဖုန်းကိုတော့ ဆယ်လူလာဖုန်း ကွန်ယက် (cellular network) သို့မဟုတ် ဖုန်းကုမ္ပဏီရဲ့ ကွန်ပျူတာများကို ခက်ခက်ခဲခဲ ခိုးဝင်(Hack) ပြီး ဖုန်းရဲ့ ကိုယ်ပိုင်နံပါတ် (International Mobile Subscriber Identifier: IMSI) ကို ပွါးကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။
နောက် ရှင်ကဒ် (Universal Subscriber Identity Module: USIM) အလွတ်တစ်ခုကိုယူပြီး လက်ရှိ အသုံးပြုနေတဲ့ ဖုန်းတစ်လုံးရဲ့ ရှင်ကဒ်နှင့် လဲထည့် ၊ ရှင်ကဒ်ကို ပြန်ပြီး အသစ်လုပ် (Modify) တဲ့ နည်းလည်း ရှိတယ် လို့ ဆိုပါတယ် ။
ကိုရီးယားမှာ ပွါးဖုန်းဘယ်လောက်များသလဲ
၂၀၀၇ - ၂၀၀၈ ပထမနှစ်ဝက်စာရင်းများအရ ကိုရီးယား တယ်လီကောမ် ၃ ခုပေါင်းမှ ပွါးဖုန်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရပါတယ် -

၂၀၀၇ ခုနှစ်မှာ ပွါးဖုန်းအလုံးပေါင်း ၇၉၁၆ လုံး ၊ ပွါးဖုန်းများနှင့် ဆက်သွယ်ခေါ်ဆိုမှုအကြိမ်ပေါင်း ၄ သန်း ၂ သိန်းကျော်ရှိခဲ့ပြီး ၊ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ် ပထမ ၆ လပတ်အတွင်း ကေတီအက်ဖ် ပွါးဖုန်း အလုံးရေ ၅၁၅၈ လုံးနှင့် ဗိုလ်စွဲခဲ့ပြီး ၊ အက်စ်ကေတီကတော့ ပွါးဖုန်းခေါ်ဆိုမှုအကြိမ်ပေါင်း ၃သန်း ၅သိန်း ၆သောင်းကျော်နှင့် ပထမရခဲ့တယ်လို့ဆိုပါတယ် ။ အဲသည်ကာလအတွင်း ရေဒီယိုလှိုင်းများ စီမံကွပ်ကဲရေးရုံး (Central Radio Management Office: CRMO) က ခြေရာခံမိသူပေါင်း ၁၇၆ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ၈၁ မှုကို တရားစွဲဆိုခဲ့တယ်လို့ဆိုပါတယ် ။

မိမိဖုန်း ပွါးဖုန်းဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ
မိမိနှင့် မဆိုင်သော ဖုန်းမက်ဆေ့များ မကြာခဏ လက်ခံရရှိနေပါသလား ။
ဖုန်းမှားခေါ်ခြင်း မကြာခဏ ကြုံနေရပါသလား ။
ဖုန်းဘက်ထရီများ အလျင်အမြန်ကုန်လွယ်နေပါသလား ။
ဖုန်းခေါ်ဆိုခ တောင်းခံလွှာများ(Phone Bill)မှာ မိမိမခေါ်ခဲ့သော ဖုန်းနံပါတ်များ ပါလာပါသလား ။
မိမိမိတ်ဆွေများက မိမိထံခေါ်သော ဖုန်းများ နှင့် ပို့သော ဖုန်းမက်ဆေ့ဂ်ျများကို မိမိလက်ခံမရသော ၊ မိမိထံရောက်မလာသော ဖြစ်စဉ်များ ရှိနေပါသလား ။
မိမိမိတ်ဆွေများထံ မိမိမသိဘဲ မိမိဖုန်းနံပါတ်းဖြင့် ခေါ်ဆိုခြင်းများ ရှိပါသလား ။
မိမိဖုန်းပြောစဉ် တစ်ဖက်မှ ဖုန်းချသံ သို့မဟုတ် မိမိဖုန်းပြောနေစဉ် တစ်ဖက်မှ ဖုန်းဖွင့်သံများ ၊ သို့မဟုတ် နှောက်ယှက်သံစသည်များ မကြာခဏ ကြားနေရပါသလား ။

အထက်ပါ မေးခွန်းများ အနက် ဟုတ်ပါသည်ဆိုတဲ့ အဖြေများလျင် မိတ်ဆွေရဲ့ ဖုန်း အပွါးခံထားရတာ ဖြစ်နိုင်ခြေများနေပြီလို့ ဆိုပါတယ် ။

ပွါးဖုန်း သုံးစွဲလျင် ဘာဖြစ်မလဲ
ဖုန်းပွါးပြုလုပ်ခြင်းနှင့် ပွါးဖုန်းသုံးစွဲခြင်းများအတွက်ပြစ်ဒဏ်များလည်း အသီးသီးပြဌာန်းထားတာရှိပါတယ် -
ဖုန်းပွါးပြုလုပ်သူ သို့မဟုတ် ပွါးဖုန်းပြုလုပ်ရန်တောင်းဆိုသူ ၃ နှစ်အောက်ထောင်ဒဏ် သို့မဟုတ် ဝမ်သန်း ၂၀ အောက် ငွေဒဏ် ။
ပွါးဖုန်းသုံးစွဲသူ ဝမ်သန်း ၂၀ အောက်ငွေဒဏ် ။
ပွါးဖုန်း ရောင်းချသူ ၊ ပြသသူ ၊ သိုလှောင်သူ ၊ သယ်ယူပို့ဆောင်သူ ၁ နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် ၅ သန်းအောက် ငွေဒဏ် ။
ဖုန်းပွါးပြုလုပ်ရန် ကူညီ ထောက်ပံ့သူ ၃နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် ၁၀ သန်းအောက် ငွေဒဏ် ။

ဘယ်လို တားဆီးကာကွယ်မလဲ
လူကြီးမင်းဟာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပွါးဖုန်းသုံးစွဲနေပြီဆိုတာနှင့် ဥပဒေအရ ပြစ်ဒဏ်ထိုက်သူဖြစ်နေပါပြီ ။ ဥပဒေကို မသိလို့ပါဆိုပြီး ထုချေလို့ ရမည်မဟုတ်ပါ ။ ဒါကြောင့်မို့ လူကြီးမင်းဖုန်းဝယ်တဲ့အခါ ၊ ရေးရတဲ့ လျှောက်လွှာ/မှတ်တမ်းပါ ယူရှင်ကဒ် (Universal Subscriber Identity Module: USIM) နံပါတ် ၊ မော်ဒယ် နံပါတ် (Model Number) များနှင့် မိမိရရှိတဲ့ ဖုန်းပါ ယူရှင်နံပါတ်များ တူမတူ စစ်ဆေးဖို့လိုပါမယ် ။ နောက်ပြီး (အထက်ဖော်ပြပါ) ပွါးဖုန်းအင်္ဂါနှင့် ပွါးဖုန်းများကြုံရတတ်သော ဖြစ်စဉ်များ ရှိမရှိ အမြဲဆန်းစစ်နေဖို့လိုပါမယ် ။

ဘယ်လိုတိုင်ကြားမလဲ
မိမိဖုန်းအပွါးခံရခြင်း သံသယရှိလျင် ဟုတ်မဟုတ် စုံစမ်းမေးမြန်းစိစစ်လို့ ရသလို ၊ မိမိဖုန်း အပွါးခံထားရကြောင်း သေခြာပါက ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားလို့လည်းရတယ်လို့ ဆိုပါတယ် ။

ကိုရီးယားနိုင်ငံတွင်း စုံစမ်းရန်နှင့် တိုင်ကြားရန်မှာ -
Central Radio Management Office: 080-700-0074
Internet: www.crmo.go.kr
Korea Telecommunications Operators Association:
02-518-1112
Internet: www.mobilecopy112.or.kr
ဖုန်းကလုန်းဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းလျက် ။

လေးစားမှုဖြင့် -

Mr TT

No comments:

Post a Comment