Friday 1 June 2012

မြန်မာတစ်နိုင်ငံလုံးတွင် ဖုန်းလိုင်းနှစ်သန်းခန့် Postpaid မှ Prepaid ပြောင်း ၊ GSM အချို့ စနစ်ပြောင်းစဉ် ရုတ်တရက် အပိတ်ခံရ

ရန်ကုန်၊ မေ ၃၁
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Postpaid (အရင်ပြောနောက်ရှင်း) စနစ်ဖြင့် ရောင်းချခဲ့သော ကျပ် ၁၅ သိန်းတန် GSM ဖုန်းများကို Prepaid (ကြိုသွင်းပြော)စနစ်ပြောင်းရာတွင် ရုတ်တရက်အပိတ်ခံရကြောင်း ဖုန်းပိုင်ရှင်များက မေလ ၂၉ ရက်နေ့ တွင် The Voice Weekly သို့ ပြောကြားသည်။
ကြိုတင်ငွေဖြည့်ကတ်ဖြင့် ဖုန်းအသုံးပြုနေသည်မှာ တစ်လကျော်ကြာချိန်တွင် ဖုန်းလိုင်းအပိတ်ခံရသဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ စုံစမ်းရာယခင်ကြွေးကျန်ရှိသဖြင့် လိုင်းပိတ်လိုက်ခြင်းဖြစ်ပြီး ငွေသွင်းပြီး တစ်ပတ်အကြာတွင်မှ ဖုန်းလိုင်းပြန်ဖွင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံက ပြန်လည်ဖြေကြားကြောင်း ဖုန်းလိုင်းအပိတ်ခံရသူတစ်ဦးက ပြောကြားသည်။
ဖုန်းလိုင်းကတ်ထဲတွင် ငွေသုံးသောင်းကျော်ဖြည့်ထားချိန်၌ ဖုန်းလိုင်းဖြတ်ခံရခြင်းဖြစ်ပြီး ကြိုတင် အကြောင်းကြားစာ ပို့ခြင်း၊ Message ပို့ခြင်းလည်းမရှိကြောင်း ဖုန်းလိုင်းဖြတ်ခံရသူ အသက်၎ဝ ဝန်းကျင်အရွယ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
''မြန်မာ့ဆက်သွယ်ရေးက ဒီလိုလုပ်မယ်ဆို လူထုကိုရှင်းရှင်းလင်းလင်းအသိပေးသင့်တယ်။ ဖုန်းနဲ့အလုပ် လုပ်နေတဲ့သူတွေ အတွက် အချိန်ဆိုတာ ငွေပဲ။ ခုတော့ ငွေသွင်းပြီးတာတောင်တစ်ပတ်စောင့်ရဦးမယ်၊ ဖုန်းသုံးတဲ့သူတွေအတွက် အရမ်းနစ်နာတယ်'' ဟု ၄င်းကသုံးသပ်ပြောကြားသည်။
''လိုင်းမဖြတ်ခင် ကျွန်တော်တို့ကဖုန်းဘေလ်ဆောင်ရမယ်ဆိုတာ Message ပို့တယ်၊ ဒါမှမဟုတ် စာတိုက်ကနေ အကြောင်းကြားပါတယ်။ သတင်းစာထဲမှာလည်း ကြိုတင်ကြေညာထားပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်အင်ဂျင်နီယာချုပ်က The Voice Weekly သို့ပြောကြားသည်။
ဖုန်းလိုင်းဖြတ်ခံရခြင်းမှာ ယခင်မတ်လနှင့် ဧပြီလအတွက် ဖုန်းဘေလ်များယခုလထွက်ရှိရာတွင် ငွေသွင်းထားခြင်း မရှိသည့် ဖုန်းများအားလုံးကို ပိတ်လိုက်ခြင်းဖြစ်ပြီး Prepaid စနစ်ပြောင်းခြင်း၊ မပြောင်းခြင်းကိုမကြည့်ဘဲ လိုင်းပိတ်ခြင်းဖြစ်ကြောင်း၊ အကြောင်းကြားစာနှင့်Message မရခြင်းမှာ ၄င်းတို့ဘက်က လွဲချော်မှုများဖြစ်ကြောင်း ၄င်းကဆိုသည်။
ဖုန်းလိုင်းများမှာ ငွေသွင်းပြီးလျှင်ချက်ချင်းပြန်လည်ဖွင့်ပေးရမည်ဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် Postpaid မှ Prepaid ပြောင်းသုံးသည့်ဖုန်းလိုင်းနှစ်သန်းခန့်ရှိပြီး ကြွေးကျန်သူများပြားသဖြင့် ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်ခြင်းဖြစ်နိုင်ကြောင်း ၄င်းက ရှင်းပြသည်။
အထက်ပါအခက်အခဲများပြေလည်နိုင်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Prepaid ကတ်စနစ် ပြောင်းလဲကျင့်သုံးခြင်းဖြစ်ကြောင်း ၄င်းကပြောကြားပြီး လတ်တလော Prepaid ကတ်စနစ် ပြောင်းလဲသုံးသူများကမူ စနစ်တစ်ခုပြောင်းလျှင် ဖုန်းသုံးသူများအဆင်ပြေစေရန် သေချာဆောင်ရွက်သင့်ပြီး ပြဿနာတက်လာပါက ဖြေရှင်းရန်အဆင်သင့်ပြင်ဆင်ထားခြင်းမျိုး လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပေးနေသည့် မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းများကလည်း ပြေပြေလည်လည် ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုပြောကြားသည် ။


ရည်ညွန်းသတင်း-
- The Voice Weekly (8/24)

No comments:

Post a Comment