Thursday 1 December 2011

ဂျီအက်စ်အမ် ဖုန်းလိုင်း သန်း ၃၀ စီမံကိန်း အတွက် တာဝါတိုင်များ စတင်တည်ဆောက်

၂၀၁၁ စက်တင်ဘာ ၇
ဂျီအက်စ်အမ်းဖုန်းလိုင်း သန်း ၃၀ စီမံကိန်းပထမနှစ်အတွက် စတင်ချထားပေးမည့် ဂျီအက်စ်အမ် ဖုန်းများအတွက် လိုအပ်သော ဂျီအက်စ်အမ်တာဝါတိုင်များကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

နေပြည်တော်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် စတင်တည်ဆောက်နေခြင်း ဖြစ်ပြီး စက်တင်ဘာလကုန်တွင် ကျန်ရှိသည့် တာဝါတိုင်များကို တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ဂျီအက်စ်အမ်စီမံကိန်း ပူးတွဲအကောင်အထည်ဖော်ခွင့်ရသည့် ကုမ္ပဏီ တို့ထံမှ သိရသည်။

လိုင်း သန်း ၃၀ ဂျီအက်စ်အမ် စီမံကိန်းအတွက် စုစုပေါင်း တာဝါတိုင် ၁၂၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ဂျီအက်စ်အမ် လိုင်းချပေးမည့် ကုမ္ပဏီအလိုက် တာဝါတိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးရှားမဂ္ဂါလင့်နှင့် E lite ကုမ္ပဏီတို့မှာ တာဝါတိုင် ရာနှင့်ချီပြီး တည်ဆောက်ခွင့် ရထားသည့် ကုမ္ပဏီများဖြစ်ပြီး ကျန်ကုမ္ပဏီတို့မှ တာဝါတိုင် ၅၀ နှင့် အထက် တာဝန်ယူ တည်ဆောက်ကြမည်ဖြစ်သည် ။
“ဖုန်းတွေ ချထားပေးတဲ့အခါမှာလည်း အေးရှားမဂ္ဂါလင့်နဲ့ E lite တို့က အရေအတွက် အများဆုံးရကြမှာပေါ့ ။ ဖုန်းလိုင်း အရေအတွက် ရတဲ့အပေါ်မူတည်ပြီး တိုင်တည်ဆောက်ခွင့် ပြုတဲ့ပုံစံပါ” ဟု ဂျီအက်စ်အမ် ဖုန်းလိုင်း သန်း ၃၀ အကောင်အထည်ဖော်ရေး စီမံကိန်းတွင် ပါဝင်လျက်ရှိသည့် ဦးဆောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာဝါတိုင်များ တည်ဆောက်မှု ပြီးစီးပါက နှစ်ကုန်ပိုင်းတွင် ချထားပေးမည့် ဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် သာမက ချထားပေးပြီးဖြစ်သည့် ဂျီအက်စ်အမ်ဖုန်းလိုင်းတို့အတွက်ပါ အင်တာနက် ၀န်ဆောင်မှုကို တွဲဖက်ဆောင်ရွက်သွားနိုင်မည်ဟုလည်း သိရသည်။

တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းဖြင့် အင်တာနက် မြန်နှုန်းကို 3 Giga byte ဖြင့် သုံးစွဲနိုင်မည် ဖြစ်ပြီး နယ်မြို့ကြီးများတွင်မူ 2.75 Gigabyte သာသုံးစွဲနိုင်မည် ဟုဆိုပါသည် ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်များကိုးကားဖော်ပြသည့် ပြည်တွင်းသတင်းဂျာနယ်တို့ ဖော်ပြချက်အရ စီမံကိန်း ပထမနှစ်အတွက် ဂျီအက်စ်အမ် လိုင်း လေးသန်းကို လာမည့်နိုဝင်ဘာလတွင် စတင်ချထားပေးဖွယ်ရှိနေကြောင်း သိရပြီး ဖုန်းလိုင်းတစ်လိုင်းအတွက် တန်ဖိုးကို ကျပ်သုံးသိန်းဝန်းကျင် သတ်မှတ်ဖွယ်ရှိနေသည်ဟုလည်း သိရသည် ။

ရည်ညွှန်းချက် -
- http://www.facebook.com/myitmakhamediagroup
-

No comments:

Post a Comment